• 9 years ago
လောက်ကိုင်ဒေသမှာ ဒီလ ၆ ရက်နေ့က တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ရဲ့စတင်တိုက်ခိုက်မှုကြောင့် ဆရာမတစ်ဦး၊ ယာဉ်ထိန်းရဲ ၅ ဦး၊ ဒေသခံပြည်သူ ၅ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တစ်ဘက်မှာလည်း အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ပြီးခဲတဲ့လနှောင်းပိုင်းက “ဝ” ဒေသမှာ NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေ စုပေါင်းပြုလုပ်တဲ့ ပန်ခမ်းအစည်းအဝေးကနေလည်း လက်ရှိ NCA ကို လက်မခံကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုစိုးရိမ်ဖွယ်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေသူအချို့ကို Mmizzima TV က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးရဲထွဋ်(အငြိမ်းစားပြန်ကြားရေးဝန်ကြီး)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားပြီးပြီပေါ့နော်။ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့လို့ ပြောထားတာ ရှိပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ထားတယ်။ သို့သော် အခု အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ဝ အဖွဲ့တွေနဲ့က အထူးသဖြင့် NCA ဖြစ်စဉ်ပေါ်မှာ ယုံကြည်မှု မရှိတဲ့ သဘောမျိုးတွေ့ရတယ်။ ဒါက စိတ်မကောင်းစရာ တစ်ခုပါပဲ။ တကယ်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်တဲ့ အခါမှာ အာဏာ၊ သြဇာ နောက်ပြီးတော့ ပြည်တွင်းမှာကော ပြည်ပမှာကော အားကောင်းတဲ့ ပုံရိပ်ကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နေတဲ့ အချိန်မှာမှ ဝင်ပြီးတော့ လက်မတွဲဘူးဆိုရင် ဒီလို အခွင့်အရေးမျိုးက နောက်တစ်ခါ ရဖို့ မလွယ်ဘူးပေါ့။
ဦးအောင်သူငြိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ)
အခု ငြိမ်းချမ်းရေး ဖြစ်စဉ်က အခြေနေက စိုးရိမ်စရာ အခြေအနေတစ်ခုလို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက်ကို အဓိက ဦးစားပေးလုပ်နေကြတယ်လို့ ပြောတယ်။ ဒါပေမယ့် တစ်ဖက်မှာပဲ ကျွန်တော်တို့ တိုက်ပွဲတွေကလည်း ဖြစ်နေတာပေါ့နော်။ နောက်တစ်ခါ အခုလာမယ့် ၂၁ ရာစုနှစ်ပင်လုံ ဒုတိယအကြိမ်မြောက်ပွဲပေါ့ ။ ဒါနဲ့ပတ်သက်လို့ လူတွေ တော်တော်များများက အာရုံလျော့လာတယ်လို့ ထင်တယ်။ ဆိုတော့ အဲတော့ ကျွန်တော်မြင်တာ ဒီမှာ အာရုံလျော့လာရင် အခြားဘာကိစ္စတွေ ဆက်လုပ်မလဲပေါ့နော်။ ဒီ ၂၁ ပင်လုံတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး ထင်တယ်။ တစ်ခြား လမ်းကြောင်းဖောက်တာတို့ အခြား ဆက်သွယ်ရေး ဆက်ဆံရေး လုပ်တာတို့ အစသဖြင့်ပေါ့နော် ။ နောက်တစ်ခါကြတော့ ကျွန်တော်တို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့ ပိုပြီးတော့ ယုံကြည်မှု ခိုင်မာအောင် တည်ဆောက်တာ သူတို့ရဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေကြည့်တာပေါ့နော်။ ဒါတွေ အများကြီး လိုလိမ့်မယ်လို့ ထင်ပါတယ်။
ဦးချစ်ဝင်းမောင်(သတင်းစာဆရာ)
ပြီးခဲ့တဲ့ရက်က ဖြစ်တဲ့ ကိစ္စ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ မြို့တွင်း တိုက်ပွဲတွေ ဖြစ်တယ်။ လူတွေလည် သေတယ်။ ကျွန်တော်တို့က ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ လပိုင်းက ဘာပဲပြောပြောလေ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီ ဒုတိယ ပင်လုံညီလာခံအတွက်ကို ပြင်ဆင်နေတယ်။ နောက်ထပ် NCA လက်မှတ် မထိုးရသေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထိုးနိုင်အောင်လို့ လမ်းကြောင်းပေးနေတာတွေ ရှိတယ်။ DPN အဖွဲ့နှင့်လည်း တွေ့တယ်။ သူတို့ တောင်းထားတဲ့ အချက် ၉ ချက်ကိုလည်း ဘာပဲပြောပြော လိုက်လျောမယ်လို့ ပြောထားတဲ့ အခြေနေမျိုးမှာ ငြိမ်းချမ်းရေး ပင်လုံညီလာခံအတွက်ကို သွားနေတဲ့ အချိန်မှာ အခုလိုမျိုး ရုတ်တရက် ထပြီးတော့ ဖြစ်လိုက်တာဟာ နိုင်ငံသား တစ်ယောက်အနေနဲ့ ပြောရရင် တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်ရတာပေါ့နော်။

Category

🗞
News

Recommended