ရန်ကုန်အနုပညာပွဲတော်ဖွင့်ပွဲအခမ်အနားကို ယနေ့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ရန်ကုန်မြို့၊မဟာဗန္ဓုလ ပန်းခြံတွင် ပြုလုပ်ခဲ့သည်။
ပွဲတော်တွင် ထူးခြားသည့် ဗိသုကာလက်ရာများ ပါဝင်ပြသထားပြီး ရန်ကုန်မြို့ကို ပြန်လည် လှပဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များ ပါဝင်ကြောင်း သိရသည်။
"ဟာ လှတယ်ဆိုပြိး ဓါတ်ပုံတွေရိုက် ဆက်ဖီတွေရိုက် အဲ့တာတင်မကဘူး ဒီအပေါ်မှာ တည်ပြီးတော့ ဆွေးနွေးကြတယ် တွေးတောကြတယ် တစ်အချက် ငါတို့ရဲ့မြို့တော်ကို ဘယ်လိုအလှဆင်သင့်သလဲ စဉ်းစားတယ် နောက်ဆွေးနွေးတယ် ငြင်းခုံတယ် တစ်ယောက်နဲ့တစ်ယောက် နောက်တစ်ခါကျတော့ အဲ့ဒါကို ထပ်ပြီးဝေငှတယ် အဲဒီဟာက တော်တော်ကြီးမားတဲ့ အကျိုးအမြတ်ပဲ ကျန်တဲ့ဟာက အဲ့လောက်မဟုတ်ဘူး" ဟု အနုပညာပွဲတော် စီစဉ်သူတစ်ဦးဖြစ်သည့် ကိုထိန်လင်းက ပြောသည်။
ရန်ကုန်အနုပညာပွဲတော်ကို ဗြိတိသျှသံရုံးက ဦးဆောင်ပြီး (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က တစ်ကြိမ် ယခုနှစ်မှာ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။ပွဲတော်တွင် ရန်ကုန်မြို့အကြောင်း ပိုစတာပြိုင်ပွဲလည်း ပြုလုပ်ပြသထားပြီး ဆုပေးပွဲလည်း ပြုလုပ်ခဲ့သည်။ကဗျာဆရာများက ကဗျာဖတ်ပွဲ ပြုလုပ်ခဲ့ပြီး တေးဂီတ တီးဝိုင်းတစ်ခုကလည်း တင်ဆက်ဖျော်ဖြေခဲ့သည်။
ယခုနှစ် အနုပညာပွဲတော်တွင် ဆူးလေခုံးကျော်တံတားကို ပုသိမ်ထီးများနှင့် အလှဆင်ခြင်းများ ပါဝင်ခဲ့သည်။ ဒလခုံးကျော်တံတားတွင်လည်း ကဗျာဖတ်ပွဲ၊ ဗိုလ်ချုပ်ဈေးခုံးကျော်တံတားမှာ ဓါတ်ပုံပြပွဲ၊ သခင်မြပန်းခြံနှင့် မဟာဗန္ဓုလပန်းခြံတို့တွင် အနုပညာဗိသုကာပြပွဲများကို ယနေ့ညနေ ဖွင့်ပွဲကစပြီး မတ်လ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယနေ့ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဗြိတိန်သံအမတ်ကြီး၊ မြို့တော်ဝန်ဦးမောင်မောင်စိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နော်ပန်းသဉ္စာမျိုးတို့ တက်ရောက်ခဲ့ကြပါသည်။