ရှင်သန်ခြင်း (၃) မြတ်ဒါနပန်းချီပြပွဲက ရောင်းရငွေ အားလုံးကို NLD AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးစင်တာ ဆောက်လုပ်ရေးတွင် အဓိကထား သုံးစွဲသွားမည်ဖြစ်သည်ဟု ယနေ့( ဖေဖော်ဝါရီ ၄ ရက်)တွင် ပြုလုပ်သောပန်းချီပြပွဲမှ သိရသည် ။
ပန်းချီ ဆရာ ၆၉ ယောက်ပါဝင်ပြီး အနုပညာရှင်များဖြစ်သော ဇော်ဝင်းထွဋ်၊နေတိုး၊ သျှီ၊ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)နှင့် ကိုပေါက်တို့၏ လက်ရာပန်းချီများပါဝင်ပြီး ပန်းချီပြပွဲကို ဗိုလ်ချူပ်အောင်ဆန်းဈေး အရှေ့ဘက်တန်းရှိ တော်ဝင် Art Gallery တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြသရောင်းချသွားမည်ဖြစ်သည်။
အဆိုပါပန်းချီကားများရောင်းချရငွေအားလုံးကို NLD AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးစင်တာ ဆောက်လုပ်ရေးတွင် အဓိက ထား သုံးစွဲသွားမည်ဖြစ်သည်ဟု သိရသည်။
အိတ်ခ်ျအိုင်ဗီကူးစက်ခံ ဝေဒနာရှင်များအတွက် လက်ရှိတွင် အဆောက်အဦတစ်ခု တည်ဆောက်နေပြီး ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း NLD AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးကဏ္ဍကို ဦးစီးနေသော မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
“အဓိကက လတ်တလော ရောဂါဝေဒနာသည်တွေအတွက် ဆောက်လုပ်နေတဲ့အဆောက်အဦ ရှိပါတယ်။ အဲ့ဒါကလည်း ကျွန်မတို့ ၈၀ ရာခိုင်နှုန်းနီးနီးလောက်တော့ ပြီးနေပြီ။ အဲ့ဒါကို အမြန်ဆုံး ကျွန်မတို့ ပြီးချင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ နှစ် နှစ်ကျော်ကျော်လောက်လည်း ရှိသွားပြီ။ ပန်းချီဆရာတွေကလည်း ဒီပြခန်းအပါအ၀င် သူတို့တတ်နိုင်တဲ့ဘက်ကနေ လုပ်ကြမယ်ဆိုပြီး လုပ်ခဲ့တာ။ ဒီကရတဲ့ ငွေအကုန်ကတော့ အဆောက်အဦအတွက်ကို သွားမှာပါရှင့်”ဟု ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။
ပြသရောင်းချနေသော ပန်းချီကား ၇၄ ကားတွင် ဆီဆေး၊ရေဆေးနှင့် အခရိုင်းလစ်ပန်းချီကားများ ပြီး ခေတ်ပြိုင်ပန်းချီကားများ၊ သရုပ်မှန်ပန်းချီကားများအပြင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားများလည်း ပါဝင်သည်။
ယင်းပွဲ၌ ပါဝင်ပြသသည့် အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်သော ကာတွန်းဆရာကြီး ဦးစိန်ကြီးက မျှော်လင့်ချက်မရှိသော ဘ၀များအတွက် လှူဒါန်းရခြင်းကို ပီတိဖြစ်ကြောင်း ပြောသည်။
“သူတို့ရဲ့နောက်ဆုံးအချိန်ပေါ့လေ။ ဘာမှ မျှော်လင့်ချက်မရှိဘူးဆိုတဲ့အချိန်က လူတွေကို လှူရတာ အင်မတန် ပီတီဖြစ်ပါတယ်။ နောက် လူသားဖြစ်ရပြီးတော့၊ သူတို့မှာ မျှော်လင့်ချက်မရှိတဲ့ ဘ၀ကို ပြန်ပြီးတော့ ကယ်တင်ချင်တဲ့အနေနဲ့၊ ဆရာအနေနဲ့ ကိုယ်တတ်တဲ့ပညာနဲ့ ၊ စိတ်အားလေးတွေကို မြှင့်တင်ချင်တဲ့ စေတနာနဲ့ ဒီပွဲလေးကို ၀င်ပါဖြစ်ခဲ့တာပါ ”ဟု ပြောသည်။
NLD AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးဂေဟာအတွက် အဆောက်အဦ ဆောက်လုပ်ပြီးပါက ရောဂါဝေဒနာရှင်များ၏ ကုသရေးတွင် ပိုမိုအဆင်ပြေလာပြီး နေရာအခက်အခဲလည်း လျော့ပါးသွားမည် ဖြစ်သည်။
ရုပ်ရှင်သရုပ်ဆောင်နေတိုး ရေးဆွဲထားသည့် ပန်းချီကားကို ၀ယ်ယူခဲ့သော ပန်းချီပြပွဲလာသူ မဥမ္မာကလည်း “မနေ့ညက ကိုနေတိုးက facebookမှာ တင်တယ်ပေါ့။ သူဆွဲထားတဲ့ ပန်းချီကားကို NLD အေအိုင်ဒီအက်စ်အတွက် တင်ထားတယ်ပေါ့။အဲ့ဒါနဲ့ ကိုနေတိုးဆွဲထားတာ အမှတ်တရ ၀ယ်ချင်လို့ရော၊ NLDအေအိုင်ဒီအက်စ် လှူဒါန်းမှုအတွက်ပါ အမှတ်တရ ဖြစ်ချင်လို့ ၀ယ်ဖြစ်သွားတာပါ”ဟု မဇ္ဈိမကို ပြောသည်။
၂၀၀၂ခုနှစ် ကတည်းက စတင်ခဲ့သည့် NLD AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးဂေဟာ၌ လက်ရှိတွင် ရောဂါဝေဒနာရှင် လူကြီး ၁၀၀ ကျော်နှင့် ကလေး ၅၀ ကျော် ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။