Skip to playerSkip to main content
  • 9 years ago
ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကိုဖြေရှင်းသွားနိုင်မယ့် နည်းလမ်းကောင်းတွေကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီးတို့ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၄ ရက် နေလည်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီရှားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။ အဲဒီတွေဆုံမှုမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် အတွင်း လိုအပ်နေတဲ့ လူသားချင်းစာနာမှုထောက်ထားရေး အကူအညီတွေကို အင်ဒိုနီးရှားနိုင်ငံက တစ်ဖက်တစ်လမ်းကနေ ပါဝင်ပံ့ပိုးကူညီနိုင်ရေးကိစ္စနဲ့ ပတ်သက်လို့ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။ တွေ့ဆုံမှုမှာတော့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် ပကတိ အခြေအနေမှန်တွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့တယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံမှာ မြန်မာအစိုးရကို ဆန္ဒပြမှုတွေရှိခဲ့ပြီး မနေ့က စက်တင်ဘာလ ၃ ရက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News

Recommended