အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒေသတွင်း နေထိုင်သူတွေကို အစိုးရ အနေနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ပေးအပ်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေဟာ နေရပ်စွန့်ခွာပြီး နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာတွေ မှာ ခိုလှုံနေရကြောင်းနဲ့ ဒီအခြေအနေမှာ အစိုးရအနေနဲ့ ထိရောက်တဲ့ အစီအမံတွေချပြီး လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံမှုတွေကို ပေးမယ်သွားမယ်လို့ စက်တင်ဘာလ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီသတင်း ထုတ်ပြန်ချက်မှာ ပါရှိတာပါ။
ဒီလို လုပ်ဆောင်ရာမှာ ကြက်ခြေနီလှုပ်ရှားမှု(Red Cross Movement)နဲ့ အတူတကွ လုပ်ဆောင်သွားမယ်လို့ လဲ ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကိုပေးနိုင်ဖို့အတွက် စက်တင်ဘာလ ၄ ရက်နေ့မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ၊နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နဲ့ တာဝန်ရှိသူတွေဟာ ဗြိတိန်၊ ဒိန်းမတ်၊ အမေရိကန်၊သြစတြေး လျနိုင်ငံ နဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံး တွေက သံအမတ်ကြီးတွေ ၊သံရုံးယာယီတာဝန်ခံတွေ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်၊ကြက်ခြေနီလှုပ်ရှားမှုအဖွဲက တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့လဲ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက တပ်ဌာနချုပ် တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သား နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး နဲ့ နိုင်ငံဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိမှာတော့ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် နိုင်ငံတော်သမ္မတရုံးက သတ်မှတ်ထားပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်