• 9 years ago
မြောက်ကိုရီးယားရဲ့ နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှု အပြီးမှာ တောင်ကိုရီးယား လေတပ်နဲ့ ကြည်းတပ်တို့ ပူးပေါင်းပြီး ဒုံးကျည် ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ စက်တင်ဘာ ၃ ရက်မှာ နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယား စမ်းသပ်ဖူးတဲ့ ဆဋ္ဌမမြောက်နဲ့ အပြင်းထန်ဆုံး နျူကလီးယားဗုံး ဖြစ်ခဲ့ပြီး ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိတဲ့ ငလျင်တစ်ခုပါ လှုပ်ခတ်ခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာတော့ တောင်ကိုရီးယားက အဲဒီအခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ မြေပြင်နဲ့ ဝေဟင်ကနေ လက်တွေ့ ဒုံးကျည်ပစ်ခတ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေ ကြုံလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

တောင်ကိုရီးယား စစ်ဘက်က မြောက်ကိုရီးယား အနေနဲ့ လာမယ့် ရက်ပိုင်းအတွင်း နောက်ထပ် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံရဲ့ ဒုံးကျည်လက်နက် စွမ်းရည်ကို မြှင့်တင်ဖို့ အလေးအနက် ပြင်ဆင်သွားမယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုတယ်။

စက်တင်ဘာ ၄ ရက် လေ့ကျင့်မှုမှာတော့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေနဲ့ မြေပြင်ပစ်မှတ်ကို ချေမှုန်းတဲ့ ဒုံးကျည်တွေ ပါဝင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

Category

🗞
News

Recommended