ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကကို နှစ်ရှည်ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံတွေရဲ့ ငှားရမ်းခနှုန်းထား တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်သုံးသပ်စိစစ်နေပြီလို့ သိရပါတယ်။
ရုပ်ရှင်ရုံတွေကို ငှားရမ်းထားတဲ့ ဈေနှုန်းတွေကို သိလိုတဲ့ မေးခွန်းကို ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းတဲ့အပေါ်ကို တိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းရဲ့ ဖြေကြားချက်အရ သိရတာပါ။ ရန်ကုန်တိုင်း အတွင်းမှာ နှစ်ရှည် ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံ ၁၄ ရုံရှိနေပြီး တိုင်းဒေသကြီး အစိုးရရဲ့ အခုနှစ်ရငွေ ရှင်းလင်းချက်မှာတော့ ရုပ်ရှင်ရုံနဲ့ ဆိုင်ခန်းတွေကနေ ငှားရမ်းခ ရငွေက ကျပ်သန်းပေါင်း ၁၆၁သန်းကျော်ရှိတယ်လို့ ပါရှိတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းအစိုးရ အနေနဲ့ ရုပ်ရှင်ရုံတွေနဲ့ ဆိုင်ခန်းငှားရမ်းခနှုန်းထားတွေကို ပြန် စိစစ်နေသလို တချို့ ရုပ်ရှင်ရုံတွေရဲ့ ငှားရမ်းခ နှုန်းထားတွေကို တိုးမြှင့်သတ်မှတ်ထားတယ်လို့လည်း ဝန်ကြီးရဲ့ ပြောကြားချက်အရသိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနမှာ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ရုံရှိပြီး အပြီးရောင်းပြီးရုပ်ရှင်ရုံ ၉၄ ရုံရှိတယ်လို့သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်