၂၀၁၈ ခုနှစ်မှာကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်ဖြေဆိုခွင့်လျှောက်လွှာတွေ ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက စတင် ရောင်းချ နေပါပြီ။ဒီလ ၁ ရက်နေ့ကနေ ၂၉ ရက်အထိ ကို လျှောက်လွှာတွေရောင်းချတာနဲ့ ပြန်တင်သွင်းတာတွေ ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
လျှောက်လွှာတွေကိုတော့ နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဌာန ( ရုံးချုပ် ) ၊ ရန်ကုန်က ဇွဲကပင်ဆောင်နဲ့ လသာစာစစ်ရုံးတွေ မှာ ရောင်းချပေးနေတာပါ ။ လျှောက်လွှာတွေ ပြန်တင်သွင်းတာကိုတော့ နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဌာန(ရုံးချုပ်)နဲ့ လှိုင်တက္ကသိုလ်မှာရှိတဲ့ ဇွဲကပင်ဆောင်ကို အဓိကပေးပို့ရမှာဖြစ်ပါတယ်။
မနေ့က အထိ ကိုတော့ တိုင်းနဲ့ပြည်နယ်တွေက လျှောက်လွှာလာဝယ်ရာမှာ လျှောက်လွှာပေါင်း သုံးသိန်း ကျော် ကို ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
အခြေခံပညာအထက်တန်းကျောင်းတွေ၊ ကျောင်းခွဲတွေ၊ တွဲဖက်ကျောင်းတွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေဆီကနေ ဖြေဆိုခွင့်လျှောက်လွှာရယူလျှောက်ထားနိုင်မှာဖြစ်ပြီး ပြင်ပမှ ဖြေဆိုမယ့်သူတွေကတော့ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေမှာ လျှောက်လွှာတွေရယူလျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်
ဖြေဆိုမယ့်ကျောင်းသားကျောင်းသူတွေကပြန်လည်ပေးပို့လာတဲ့လျှောက်လွှာတွေကို သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းက ကျောင်းတွေနဲ့ မြို့နယ်ပညာရေးမှူးရုံးတွေက လက်ခံစုစည်းပြီး သက်မှတ်ရက်ကာလအတွင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို ပေးပို့ရမှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတစ်စောင်ကိုနှစ်ရာကျပ်နဲ့စာမေးပွဲဝင်ကြေးတံဆိပ်ခေါင်းတစ်ခုကို ခုနှစ်ရာကျပ်သတ်မှတ်ထားပြီး လျှောက်လွှာပုံစံနဲ့ဖြေဆိုခွင့်ကတ်ပြားတွေကို ဘာသာတွဲအလိုက် ပန်းရောင်နဲ့ အစိမ်းရောင် ခွဲခြားသတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တင်သွင်းလာတဲ့ လျှောက်လွှာတွေကို အဆင့်ဆင့်စစ်ဆေးပြီး နိုဝင်ဘာလလောက်မှာ ခုံနံပတ်တွေ ထုတ်ပြန်သွားမှာဖြစ်ကာ ဖြေဆိုခွင့်ကတ်ပြားတွေကိုတော့ ဇန်န၀ါရီလကုန်ပိုင်းမှာ ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းသူခုနှစ်သိန်းခြောက်သောင်း ကျော်ရှိခဲ့ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူကတော့ ခုနှစ်သိန်းတစ်သောင်း ကျော်သာရှိခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး