နေအိမ်တွေ ဒါမှမဟုတ် လုပ်ငန်းခွင်တွေမှာ အိမ်အကူနဲ့ အလုပ်သမားတွေကို နှိပ်စက်တာတွေရှိရင် သတင်း ပေးနိုင်ဖို့ ရပ်ကျေး ဆယ်အိမ်မှူးတွေနဲ့ ရာအိမ်မှူးတွေကို တိုင်းအစိုးရ တာဝန်ပေးထားတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
အဲဒီ့က ရရှိတဲ့သတင်းတွေပေါ် မူတည်ပြီး တိုင်းအစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၅ ရက်ကပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ၊ ကလေးတွေ ညှင်းပန်းနှိပ်စက်မှုမှ ကင်းဝေးဖို့ စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ပြီး အလုပ်ရှင်၊ အိမ်ရှင်တွေ လိုက်နာရမယ့် စည်းကမ်းတွေဆောင်ရွက်ပေးဖို့နဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးပေးဖို့ မေးခွန်းကို မေးမြန်းခဲ့တာပါ။
အဲဒီ့မေးခွန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဥပဒေလိုအပ်ပြီး အိမ်အကူနဲ့ ပတ်သက်တဲ့ ဥပဒေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ဒါမှမဟုတ် အလုပ်သမားဝန်ကြီးဌာနက ပြဌာန်းပေးရမယ်လို့လည်း ဦးဇော်အေးမောင်က ပြောပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်