• 9 years ago
နိုင်ငံခေါင်းဆောင် တစ်ဦးအနေနဲ့ အိန္ဒိယအတွက် ကောင်းကျိုးရှိစေမယ်လို့ ယုံကြည်တဲ့ အပြောင်းအလဲတွေကို မတွန့်မဆုတ် လုပ်ဆောင်သွားမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံမှာ မြန်မာနိုင်ငံရောက် အိန္ဒိယ အသိုက်အဝန်းနဲ့ တွေ့ဆုံချိန်မှာ မိုဒီက သူ့အစိုးရလက်ထက် အိန္ဒိယမှာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ငွေစက္ကူ လဲလှယ်မှု အစီအစဉ်တွေ၊ အခွန်စည်းကြပ်မှု မူဝါဒ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားသွားတာပါ။

မိုဒီရဲ့ အစိုးရဟာ အိန္ဒိယ ငွေကြေးလည်ပတ် သုံးစွဲမှုရဲ့ ၈၆ ရာခိုင်နှုန်းလောက် ရှိနေတဲ့ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန် တန်ဖိုးမြင့် ငွေစက္ကူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ပြီး လဲလှယ်စေခဲ့ပါတယ်။ ဒါဟာ အခွန်တိမ်းရှောင်မှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ အကျင့်ပျက်မှုတွေကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ၇၀ အတွင်း အိန္ဒိယရဲ့ အကြီးမားဆုံး အခွန်စည်းကြပ်မှု မူဝါဒ အပြောင်းအလဲသစ်ကိုလည်း ဇူလိုင် ၁ ရက်မှာ စတင် ကျင့်သုံးစေခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ နိုင်ငံရဲ့ အခွန်ကြပ်မတ်မှု နည်းလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အများအပြားကို ပြင်ဆင် ပြောင်းလဲခဲ့တယ်။

မိုဒီက အငြင်းပွားစရာတွေ၊ အခက်အခဲတွေ အများကြီး ကြုံရတဲ့တိုင် နိုင်ငံကောင်းကျိုးအတွက် အမှန်တကယ် လိုအပ်တယ်လို့ ယုံကြည်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ပြောပါတယ်။

မိုဒီဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

Category

🗞
News

Recommended