Skip to playerSkip to main content
  • 9 years ago
ကွမ်းယာနဲ့ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် ပြည်သူလူထုအသိပေးလှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စက်တင်ဘာလ ဒုတိယပတ်က စပြီးပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။

ဒီလှုပ်ရှားမှုမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနဲ့ တခြားမိတ်ဖက် အဖွဲ့အစည်းတွေ ပါဝင်မှာဖြစ်ပြီး ရက်သတ္တပတ်(၆)ပတ်ကြာတဲ့ အထိ အသိပညာလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကွမ်းယာနဲ့ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး အသိပညာပေး လှုပ်ရှားမှုတွေလုပ်ဆောင်ရာမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းကို ဦးစားပေးနယ်မြေတွေ အဖြစ်ရွေးချယ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ဒေါက်တာသိန်းဆွေက ပြောပါတယ်။

ဒီလှုပ်ရှားမှုမှာ နိုင်ငံပိုင်သတင်းဌာနတွေကနေ ကွမ်းမစားသုံးရေး ပညာပေး ဇာတ်လမ်း တိုတွေ ထုတ်လွှင့်ပြသတာ၊ လူထုကြား အသိပညာပေး စာစောင်တွေဖြန့်ဝေတာ ၊ကွမ်းစားသုံးမှု လျော့နည်းရေး ပြည်သူလူထုကို အသိပညာပေးဟောပြောတာနဲ့ ရေဒီယိုတွေက တဆင့် ကွမ်းယာစားသုံးမှု လျော့နည်းရေး အသိပညာပေး အစီအစဉ်တွေ ထုတ်လွှင့်တာတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှု ရာခိုင်နှုန်းဟာ လူဦးရေရဲ့ ၂၆ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကွမ်းစားသုံးမှု ရာခိုင်နှုန်းကတော့ ၄၃ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ နေ့စဉ်ဆေးလိပ်သောက်သုံးသူခြောက်သန်း ၀န်းကျင်ရှိပြီးဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် နှစ်စဉ်လူဦးရေ ခုနှစ်သိန်းဝန်းကျင်သေဆုံးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကကြီးမှူးပြီး ကွမ်းယာနဲ့ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး အတွက် မီဒီယာမှ တဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲကို လာမယ့် စက်တင်ဘာလ(၁၁)ရက် နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် -လွင်သဲငယ်ဦး

Category

🗞
News

Recommended