Skip to playerSkip to main content
  • 9 years ago
မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၈.၁ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်နောက်ဆက်တွဲအဖြစ် မက္ကဆီကိုနဲ့ ဒေသတွင်းနိုင်ငံ တချို့ကို ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်နိုင်ကြောင်း သတိပေးခဲ့သလို အမှန်တကယ်လည်း မက္ကဆီကိုတောင်ပိုင်း ကမ်းခြေမှာ ဆူနာမီလှိုင်းလုံးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သမ္မတ အန်ရီကေး ပီညာနီတိုက ဒါဟာ ရာစုနှစ် တစ်ခုအတွင်း မက္ကဆီကိုမှာ ကြုံဖူးသမျှ အဆိုးဆုံး ငလျင်လို့ ပြောကြားခဲ့ပြီး ငလျင်ဟာ လူပေါင်း သန်း ၅၀ လောက်ကို သက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင် ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀၀ လောက်အကွာက မက္ကဆီကိုစီးတီး မြို့တော်ကပါ ငလျင်ရဲ့ အရှိန်ကို ခံစားခဲ့ရပါတယ်။

အပျက်အစီး သတင်းတွေ တိတိကျကျ မရသေးပေမယ့် မက္ကဆီကို တောင်ပိုင်းနဲ့ ဂွာတီမာလာနိုင်ငံ အနောက်ပိုင်းတွေမှာ အခြေအနေ ဆိုးရွားတယ်လို့ သိရှိရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့် အဆောက်အအုံတွေကနေ လူတွေ အလန့်တကြား ဆင်းပြေးခဲ့ကြပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေပါ ပြတ်တောက်ကုန်ပါတယ်။

မက္ကဆီကိုဟာ ဟာရီကိန်းမုန်တိုင်း ကာတီယာ ဝင်ရောက်တိုက်ခတ်နိုင်တဲ့ အခြေအနေမျိုး ကြုံနေချိန်မှာ အခုလို နောက်ထပ် သဘာဝ ဘေးအန္တရာယ်ဆိုး တစ်ခုနဲ့ပါ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Category

🗞
News

Recommended