ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် ဖလော်ရီဒါမှာ ရှိနေတဲ့ လေလွင့် အိမ်မွေး တိရစ္ဆာန် ထိန်းသိမ်းရေး ဂေဟာက ခွေးလေး၊ ကြောင်လေးတွေကို ပြည်နယ်ဖြတ်ကျော်ပြီး အိုဟိုင်ယိုထိ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖလော်ရီဒါက မုန်တိုင်းဖြတ်ကျော် တိုက်ခတ်မယ့် လမ်းကြောင်းမှာ ရှိနေတဲ့ အိမ်မွေး တိရစ္ဆာန် ဂေဟာတွေမှာ စောင့်ရှောက်ထားတဲ့ ခွေးနဲ့ကြောင် ကောင်ရေ ၁၆၀ ကျော်ကို ရာသီဥတုဘေး ကင်းစင်တဲ့ အိုဟိုင်ယိုထိ လေကြောင်းကနေ စက်တင်ဘာ ၈ ရက်မှာ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
တစ်နာရီ လေတိုက်နှုန်း ၁၈၅ မိုင်လောက်ထိ ပြင်းထန်တဲ့ အာရ်မာ ဟာရီကိန်း မုန်တိုင်းကြီးဟာ အခုသီတင်းပတ်ကုန်မှာ ဖလော်ရီဒါ ကမ်းခြေကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။
လေလွင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို အိုဟိုင်ယိုမှာ ယာယီ စောင့်ရှောက် မွေးမြူထားပြီး အခြေအနေ တည်ငြိမ်မှ ဖလော်ရီဒါကို ပြန်ပို့ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။