Skip to playerSkip to main content
  • 9 years ago
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ နျူကလီးယားလက်နက် သိပ္ပံပညာရှင်တွေကို အခမ်းအနား တစ်ရပ်နဲ့ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ ဆဋ္ဌမမြောက်နဲ့ အင်အားအပြင်းအထန်ဆုံး နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုအပြီး တစ်ပတ်အကြာမှာ သိပ္ပံပညာရှင်တွေကို ကင်မ်က ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာက အခမ်းအနား အစီအစဉ်မှာ ပြုံးပြုံးပျော်ပျော် ရှိနေတဲ့ ကင်မ်ရဲ့ ပုံရိပ်တွေကို ပြသခဲ့ပေမယ့် နေ့စွဲကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

မြောက်ကိုရီးယားအရေး စောင့်ကြည့်သူတွေကတော့ နိုင်ငံထူထောင်မှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာ ၉ ရက်မှာ အခမ်းအနား ကျင်းပတာ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

အခမ်းအနားမှာ မြောက်ကိုရီးယားရဲ့ အထင်ကရ နျူကလီးယား သိပ္ပံပညာရှင် တစ်ဦးလည်းဖြစ်၊ မြောက်ကိုရီးယား နျူကလီးယားလက်နက်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ ရီဟောင်ဆွတ်ပ်နဲ့ စစ်လက်နက်ပစ္စည်း စက်မှုလုပ်ငန်းဌာန လက်ထောက်ညွှန်ကြားရေးမှူး ဟောင်ဆွန်မူးတို့ကို ကင်မ်နဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။

အဲဒီပုဂ္ဂိုလ် နှစ်ယောက်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖန်တီးတည်ဆောက်မှုမှာ အရေးအပါဆုံး ပါဝင်ဆက်နွှယ်နေသူတွေအဖြစ် ထင်ရှားပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ဆုံးဖောက်ခွဲစမ်းသပ်တဲ့ဗုံးဟာ ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးလို့ ကြေညာထားပြီး ဗုံးဖောက်ခွဲမှုကြောင့် ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိတဲ့ ငလျင်တစ်ခုပါ လှုပ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို တိုက်ချင်းပစ်ဒုံးကျည် ထိပ်ဖူးမှာ တပ်ဆင်နိုင်တဲ့ အဆင့်ထိ ပြောင်းလဲ မြှင့်တင်နိုင်စွမ်း ရှိနေပြီလို့လည်း ကြွေးကြော်ထားပါတယ်။

Category

🗞
News

Recommended