ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ နှစ်သောင်းကျော် ရှိနေပြီး ယာယီစခန်းတွေမှာ အရေအတွက် ဆက်လက်တိုးလာနေတယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၁ ရက်က နေပြည်တော်မှာကျင်းပတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမမှာ တောင်တွင်းကြီးမြို့နယ်က နေ ရခိုင်ပြည်နယ်အတွက် လာရောက်လှူဒါန်းမှု အခမ်းအနား အပြီးမှာ ပြည်ထောင်စုဝန်ကြီးက ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်တာပါ။
လက်ရှိမှာလည်း တိုင်းရင်သားတွေက အကြောက်တရားတွေရှိနေတာ၊ အမှန်တကယ်ကို အဲဒီဒေသတွေမှာ မနေရဲလောက်အောင် ခြောက်ခြားခဲ့တာတွေကြောင့် နေ့စဉ် ယာယီစခန်းတွေမှာအရေအတွက် တိုးလာတာဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။
အဲဒီလို တိမ်းရှောင်လာတဲ့ဒေသခံတွေ အတွက် ရိက္ခာတွေကိုတော့ အလုံအလောက်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ယာယီ စခန်းကို ရောက်ရှိနေတဲ့ မိသားစုတွေထဲက ကလေးတွေကို နီးစပ်ရာကျောင်းမှာ စာသင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပြီး ပညာရေးထောက်ပံ့ပေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ပြောပါတယ်။
လက်ရှိမှာ တိုင်းရင်းသားတွေအတွက် စစ်တွေတစ်မြို့ထဲမှာပဲ ယာယီစခန်းပေါင်းနှစ်ဆယ်ကျော် ဖွင့်လှစ်ပေးထားပြီး အခြားမြို့နယ်တွေမှာလည်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - မောင်သင်တုန်း