ပြည်သူတွေ တန်ဖိုးနည်း အိမ်ရာဝယ်ယူနိုင်ဖို့အတွက် ချေးငွေထုတ်ချေးမယ့်အစီအစဉ်ကို ဂျပန် အစိုးရက ပြင်ဆင်နေတယ်လို့ ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သတင်းတွအရ သိရပါတယ်။
ဒါဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်အစိုးရတို့ ညှိနှိုင်းမှုအရ ခုလိုလုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ အဲဒီဘဏ်ရဲ့ ဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။ အဲ့ဒီ့ အိမ်ရာချေးငွေအစီအစဉ်ကို ဂျပန်အစိုးရက လာမယ့်နှစ်မှာစတင်ပေးအပ်သွားဖို့ရှိနေတာပါ။
ဒါပေမယ့် ပေးအပ်မယ့်ပမာဏကိုတော့ အစိုးရ အချင်းချင်းချိတ်ပြီးနှစ်နိုင်ငံညှိနှိုင်းဆဲသာ ရှိနေသေးတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှ ချေးငွေရရှိပါက စီမံခန့်ခွဲခြင်း လုပ်ငန်းတွေအပြင် အများပြည်သူကိုချေးငွေထုတ်ချေးခြင်းကို ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က လုပ်ဆောင်သွားမှာပါ။
လက်ရှိမှာလည်း အဲဒီဘဏ်အနေနဲ့ ချေးငွေအမြောက်အမြားရရှိဖို့အတွက် ဂျပန်နိုင်ငံအပြင် အခြားနိုင်ငံ တွေနဲ့ပါ ဆွေးနွေးညှိနှိုင်းမှုရှိနေတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် အနေနဲ့ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူတွေ အတွက် ချေးငွေပြန်ဆပ်ရမည့် ကာလကို လက်ရှိမှာ ၁၀ နှစ်အစား ၁၅ နှစ်အထိ တိုးမြှင့်ချေးပေးနိုင်ရန်အတွက်လည်း စီစဉ်မှုတွေ ရှိနေတာပါ။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို အစိုးရ အပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့၊ ပြင်ပစီးပွားရေး လုပ်ငန်းရှင်တွေ စုပေါင်းပြီး ၂၀၁၄ တွင် စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - သန်းဌေးအောင်