သီတင်းကျွတ်ကာလနီးလာတာနဲ့ ဦးဖြူလေးရဲ့ မီးပုံးလေးတွေ၊ မီးတွန်းလှည်းလေးတွေ အလုပ်ရတဲ့အချိန်ကို တကျော့ပြန်လာပါပြီ။
မိုးတွင်းကတည်းက ငွေကြိုပေး အော်ဒါရုပ်လေးတွေ လုပ်နေရင်း တစ်နှစ်ထက်တစ်နှစ် ပါးလားတဲ့ လုပ်ငန်းအခြေအနေက ဝမ်းရေးထက် ဝါသနာ သက်သက်လိုဖြစ်လာနေပါပြီ လို့ ဦးဖြူလေးက ဆိုပါတယ်။ အသက် ၁၇ နှစ်ကတည်း က အစ်ကိုရဲ့ အလုပ်ကို ကူညီရင်းနဲ့ ဒီမီးထွန်းရုပ်ချိုးတာကို သင်ယူတတ်မြောက်လာခဲ့တာပါ။ အဲဒီနောက်ပိုင်း ပုံနှိပ်တိုက်တွေမှာ ဖိုမင်လို့ခေါ်တဲ့ စာဖောင်တွဲတဲ့အလုပ်တစ်ဖက်နဲ့ နှစ်တိုင်း မီးပုံး ၊မီးထွန်းရုပ်လေးတွေ ချိုးခဲ့တာ နှစ်ပေါင်း ၃၇ နှစ်ကျော်ခဲ့ပါပြီ။
တစ်ရာသီလုပ်ပြီးရင် တစ်မိုးလောက်ထိုင်စားဖို့ လုံလောက်ခဲ့တဲ့ ၁၉၈၀ လောက်ကစတဲ့ မီးပုံးလုပ်ငန်းက ၁၉၉၀ ကျော်ကာလတွေ အထိ ခေတ်ကောင်းခဲ့တာပါ။ တစ်ရာသီကို အရုပ်ပေါင်း သောင်းနဲ့ချီ ချိုးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်လောက်က စပြီး မီးပုံးဈေးကွက်က တဖြည်းဖြည်း ကျဆင်းခဲ့တာပါ။ တရုတ်ကဝင်လာတဲ့ ကစားစရာ အရုပ်စုံရဲ့အောက်မှာ တစ်စစ မှေးမှိန်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အရုပ်စုံ ချိုးတာကို တစ်ရာသီစာ အလုံး ၆၀၀ ပဲချိုးရတယ်လို့ ဆိုပါတယ်။
ကျန်ခဲ့တဲ့ ၃ နှစ်လောက်ကအထိ ဒီလုပ်ငန်းကို မိသားစုလိုက် လုပ်ကိုင်ခဲ့ကြတာပါ။ အခုဆိုရင်တော့ သားသမီးတွေကလည်း ကွမ်းယာရောင်းသူရောင်း ထီရောင်းသူရောင်းနဲ့ အခြားနည်းနဲ့စီးပွားရှာပြီရပ်တည်ဖို့ ကြိုးစားကြရတာဖြစ်ပါတယ်။ အရင်ကဆို ကြည့်မြင်တိုင် ကွမ်းရွဲတန်းနဲ့ ၊ဦးဖြူလေးတို့နေထိုင်တဲ့ ဘောဂ ရပ်ကွက်ကိုဆိုရင် မီးပုံးတန်းလို့ လူသိများခဲ့တာပါ။ အခုတော့ ကွမ်းရွဲတန်းမှာလည်း လုပ်ကိုင်သူ မရှိတော့သလို၊ ဘောဂရပ်ကွက်မှာလည်း ဦးဖြူလေးတစ်ဦးပဲကျန်တော့တယ်လို့ ဆိုရမလိုပါ။
ခေတ်ရေစီးကြောင်း အပြောင်းအလဲမှာ မလိုက်နိုင်တော့တဲ့ ဦးဖြူလေးဟာ ပုံနှိပ်လုပ်ငန်းကနေ အနားယူခဲ့တာလည်း ကြာပါပြီ။ ဒါကြောင့် ဝါသနာအရရော ဝမ်းရေးအတွက်ပါ ခုလိုဝါလကင်းလွတ်ရာသီချိန်ဆို အော်ဒါရှိသလောက်လေး မီးပုံးချိုးပြီးရပ်တည်ဖို့ ကျားကန်ရပါတယ်။ ကျန်တဲ့လတွေမှာတော့ တရုတ်ဘုံကျောင်းမှာ မီးပုံချိုးသလိုမျိုး ရံဖန်ရံခါ နေ့စားအလုပ်လေးတွေနဲ့ပဲ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။
ရုပ်သံသတင်းထောက်- ခင်ဝိုင်းဖြူဖြူ ၊မျိုးညွန့်