ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားကြောင်း အပြုသဘောဆောင်တဲ့အနေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအချို့က စုပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့က မဟာဗန္ဒုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ လက်ကမ်းစာစောင်တွေ၊ ငြိမ်းချမ်းရေးအကြောင်းညွှန်းဆိုထားတဲ့ ကမ္ဘာကျော်ပုဂိုလ်တွေရဲ့ အဆိုအမိန့်တွေကို ပြသထားပြီး၊ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုမှုတွေနဲ့ တေးသီချင်းသီဆိုမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ပြည်တွင်းမှာ ငြိမ်းချမ်းရေးတည်တံ့စေဖို့အတွက်တော့ ၂ ဦး ၂ ဖက်လုံးမှာ ယုံကြည်မှုနဲ့ လေးစားမှုတွေလိုအပ်တယ်လို့လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မကြည်ကြည်စိန်က ပြောပါတယ်။ အဲဒီပွဲမှာတော့ ဆရာဦးဘုန်းဓာတု အပါအ၀င် နာမည်ကျော် စာရေးဆရာ ၊ ကဗျာဆရာတွေက ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုကြသလို၊ ပွဲလာတဲ့ပရိသတ်တွေကိုလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး မေးခွန်းမေးမြန်းမှုတွေလည်း ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်