ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ ဝင်ရောက် တိုက်ခတ်ပြီးတဲ့နောက် ရှင်းလင်းရေး လုပ်ငန်းတွေ အစပြုနေပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၆ ရက်မှာတော့ ဒေသခံတွေဟာ နေအိမ်တဝိုက်နဲ့ လမ်းပေါ်မှာ ပျံ့နှံ့နေတဲ့ အပျက်အစီးတွေကို ကိုယ်ထူကိုယ်ထ ဖယ်ရှားပြီး မုန်တိုင်းအလွန် ရှင်းလင်းရေး လုပ်ငန်းစဉ်တွေမှာ တာဝန်ရှိသူတွေကို ပူးပေါင်း ကူညီခဲ့ကြောင်း ဗီယက်နမ် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီက ကြေညာပါတယ်။
မုန်တိုင်းကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဟာတင်း၊ ကွမ်ထရီနဲ့ သူသိမ်ဟူး ဒေသတွေမှာ အိမ်ခြေ သုံးသောင်းကျော် ထိခိုက် ပျက်စီးခဲ့ပါတယ်။ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေမြုပ်သွားတဲ့ အိမ်ပေါင်း ငါးထောင်ကျော် ရှိခဲ့ပါတယ်။
ဗီယက်နမ် ဝန်ကြီးချုပ် ငုယန်ကျန်ဖုခ်ဟာ မုန်တိုင်းဒဏ်ခံ ဒေသတွေကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကဏ္ဍမှာ စစ်တပ်နဲ့ ရဲတွေကိုပါ ပူးပေါင်း လုပ်အားပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
ဗီယက်နမ်ဟာ ပြင်းထန်တဲ့ မုန်တိုင်းတွေရဲ့ဒဏ်ကို မကြာခဏ ခံရလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်ကလည်း မုန်တိုင်း ဖြစ်စဉ်တွေအတွင်း သေဆုံးသူ နှစ်ရာကျော်ထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။