ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မယ့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်တဲ့ အဖွဲ့ဟာ အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ပြီလို့ နိုင်ငံတော်အစိုးရက ဒီကနေ့ စက်တင်ဘာ ၁၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်မြို့ကနေ စက်တင်ဘာ(၁၆)ရက်ညနေပိုင်းက စတင်ထွက်ခွာခဲ့တာပါ။
ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူဟာ လာမယ့် စက်တင်ဘာ ၂ဝ မှာ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒဆွေးနွေးပွဲကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဒီ မတိုင်ခင် မနက်ဖြန် စက်တင်ဘာ (၁၉)ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို နေပြည်တော်မှာ ပြောမှာ ဖြစ်ပါတယ်။
မူလက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ စီစဉ်ထားပေမယ့် ခရီးစဉ်နီးချိန်မှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်