ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ မြန်မာဓာတ်ပုံသတင်းထောက် နှစ်ဦးကိစ္စ နဲ့ ပတ်သက်ပြီး ကောင်စစ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခွင့်ရဖို့ နဲ့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံးကို တရားဝင် စာပေးပို့တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ၁၈ရက်နေ့ မှာ သတင်း ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးကိုလဲ ကောင်စစ်ရေးရာ တွေ့ဆုံခွင့် အမြန်ဆုံးရဖို့နဲ့ သွားရောက်တွေ့ဆုံမှုအမြန်ဆုံး လုပ်ပြီး လိုအပ်တာတွေ ကူညီဖို့ ညွှန်ကြားထားတယ်လို့လဲ ပါရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို ဂျာမနီနိုင်ငံ အခြေစိုက် GEO မဂ္ဂဇင်းအတွက် သတင်းဓာတ်ပုံရိုက်ကူးဖို့ သွားရောက်တဲ့ မြန်မာဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ်တို့ကို စက်တင်ဘာ၇ရက်နေ့ထဲက ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးထားတာပါ။
ဒါပေမယ့် စက်တင်ဘာ၁၃ရက်နေ့မှ သတင်းထုတ်ပြန်ခဲ့ပြီး သူတို့ဟာ သတင်းထောက်ဗီဇာအစား ခရီးသွားဗီဇာကိုသာ လျှောက်ထားပြီး သတင်းကိစ္စတွေ လုပ်ဆောင်တာဟာ မြန်မာအစိုးရအတွက် သူလျှိုလုပ်တယ်ဆိုကာ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်က တရားရုံးထုတ်ခဲ့ရာမှာ အာမခံလျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ်တို့ ကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာမီဒီယာအဖွဲ့အသီးသီးက တောင်းဆိုထားကြပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်