ရန်ကုန်တိုင်းဒေသကြီး အတွင်း စာသင်ကျောင်းတွေက သက်သာဆိုင်ခန်းတွေ အနေနဲ့ လာမယ်နှစ်မတ်လကုန်မှာ ပြောင်းရွှေ့ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ၂၀မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
တစ်ချို့ကျောင်းတွေမှာရှိတဲ့ ဆိုင်ခန်းတွေကကျောင်းဝင်းထဲ အထိရောက်ရှိနေပြီး ကျူးကျော်တာတွေ ရှိသလို စည်ပင်ရေမြောင်းတွေကိုလည်း ကျူးကျော်ပြီး တည်ဆောက်ထားတာတွေ ရှိတယ်လို့ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုပါတယ်။
အဲဒါကြောင့် ဒီကနေ့မှာ ကျင်းပတဲ့ လွှတ်တော်မှာတော့ အခြေခံပညာကျောင်းတွေရှိ ကျူးကျော်အိမ်တွေနဲ့ ကျူးကျော် ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ မေးခွန်းမေးမြန်းခဲ့ပြီး အဲဒီမေးခွန်းကိုတော့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ်ကျောင်းမဖွင့်ခင် ကာလအတွင်း ဖျက်သိမ်းဖို့ကျန်ရှိနေတဲ့ အခန်းတွေကိုလည်း ၁၉၅၅ခုနှစ်အစိုးရရဲ့ အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေနဲ့ ဆောင်ရွက်ဖို့ တိုင်းပညာရေးရုံးကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်တွေကနေ စာရင်း အမှန်တောင်းခံထားပြီး ဖယ်ရှားဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်