သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ (မူကြမ်း) အပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကာင်စီကဦးဆောင်ဆွေးနွေးခဲ့ပြီး ရလာတဲ့အချက်အလက်တွေကို သူရရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင်ကို တင်ပြမယ်လို့ သိရပါတယ်။
လက်ရှိမှာ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေမူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနကနေလဲ ရေးဆွဲနေပြီး တဖက်မှာ အရပ်ဖက် အဖွဲ့အစည်းတွေထဲမှာလဲ အဖွဲ့အစည်းတခုက ဦးဆောင်ပြီး ရေးဆွဲနေပါတယ်။
မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ မူကြမ်းအပေါ် သူရရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့နဲ့ အဖွဲ့အစည်းပေါင်းစုံ တွေ့ဆုံပွဲမှာ ဒီတွေ့ရှိချက်တွေကို တင်ပြသွားမှာ ဖြစ်တယ်လို့ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ မူကြမ်းပါ အချက်တွေနဲ့ ပတ်သက်ပြီး ဒီမတိုင်ခင်ကလည်း သူရရွှေမန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ သုံးကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သိရပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာ အခန်းပေါင်း ၁၃ ခန်း ရှိပြီး သတင်းအချက်အလက် ရရှိပိုင်ခွင့်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေကို ကော်မရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ အများပြည်သူ ယုံကြည်ရတဲ့ အဖွဲ့အစည်းတခုက ဦးဆောင်သွားရမှာ ဖြစ်ပြီး အဲ့ဒီဥပဒေပါ ပြဌာန်းချက်အချို့နဲ့ ပတ်သက်ပြီး ပြစ်မှု၊ ပြစ်ဒဏ် အဖြစ် ငွေဒဏ်ကိုလည်း ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ