လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ သဟဇာတ မျှတမှုရှိရေးတို့အပေါ် ထိခိုက်စေမယ့်လုပ်ရပ်မှန်သမျှကို တင်းကျပ်တဲ့ ဥပဒေစံနှုန်းများနဲ့ အညီ မြန်မာအစိုးရက ကိုင်တွယ်သွားမယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက စက်တင်ဘာ ၂၀ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မိန့်ခွန်းပြောဆိုခဲ့ရာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးအရ သဟဇာတရှိမှု ရရှိရေး ကြိုးပမ်းနေချိန်မှာဘဲ ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့အတွက် ဆောင်ရွက်လျက် ရှိပြီး ပတ်ဝန်းကျင်သစ် တစ်ရပ် ပြန် ဖော်ဆောင်နိုင်ဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ အပြန်အလှန် မယုံကြည်မှုတွေ ကို တဖြည်းဖြည်းပပျောက်သွားအောင် ဆောင်ရွက်ရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေကြောင့် မူဆလင်တွေ နဲ့ ရခိုင်တိုင်းရင်းသားတွေသာမကဘဲ လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ ဒိုင်းနက်၊ မြို ၊သက်၊ မရမာကြီးနဲ့ ဟိန္ဒူဘာသာဝင်တွေလဲ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး သူတို့ရဲ့ ထိခိုက်ခံစားမှုတွေကိုတော့ ကမ္ဘာ့နိုင်ငံတွေက မသိရှိခဲ့ကြဖူးလို့ ပြောပါတယ်။
လက်ရှိမှာတော့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတော့ဖူးလို့ ဦးဟင်နရီဗန်ထီးယူ က ဆိုခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးသွားမှာဖြစ်သလို စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘက်စုံအမျိုးသား မဟာဗျူဟာတစ်ရပ်ကို ချမှတ်ထားပြီးပြီလို့ နိုင်ငံတကာကို ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း နယ်စပ်လုံခြုံရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရွှေ့ပြောင်းသွားသူတွေကို ပြန်လက်ခံဖို့ကိုတော့ ၁၉၉၃ခုနှစ်က နှစ်နိုင်ငံပူးတွဲဆောင်ရွက်ခဲ့သလို အဲ့ဒီအတွေကအကြုံတွေကို အခြေပြုပြီး လုပ်ငန်းစဉ်ချမှတ်သွားမယ်လို့ ဆိုပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို လုပ်ဆောင်ဖို့ အကောင်အထည်ဖော်ရေး ကော်မတီက စတင်လုပ်ဆောင်နေပြီး လုပ်ငန်းအချို့ကို လာကြည့်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ဖိတ်ခေါ်ခဲ့ပါတယ်။