မိုးပျံတက္ကစီတွေ အသုံးပြုတဲ့ ပထမဆုံး မြို့တော် ဖြစ်လာရေးအတွက် ဒူဘိုင်းမှာ လက်တွေ့ စမ်းသပ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ယူအေအီး နိုင်ငံရဲ့ စီးပွားရေး မြို့တော်မှာ စက်တင်ဘာ ၂၅ ရက်က စပြီး လူလိုက်ပါ စီးနင်းနိုင်တဲ့ မိုးပျံတက္ကစီတွေရဲ့ စွမ်းဆောင်ရည်ကို မှတ်တမ်းယူ စမ်းသပ်ခဲ့ပါတယ်။ ပန်ကာ ၁၈ လုံး တပ်ဆင်ထားတဲ့ ဒရုန်း လေယာဉ်ငယ်လေးတွေဟာ ခရီးသည် နှစ်ဦးကို တင်ဆောင်ပြီး မိနစ် ၃၀ လောက် ဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိပါတယ်။
ကနဦး စမ်းသပ်မှုတွေမှာတော့ လူလိုက်ပါခြင်း မရှိသေးပါဘူး။ ဒီမိုးပျံတက္ကစီတွေကို ဂျာမန် ဒရုန်းကုမ္ပဏီ Volocopterက ဖန်တီးထားတာ ဖြစ်ပါတယ်။ မိုးပျံတက္ကစီရဲ့ ကွန်ပျူတာ စနစ်က ပျံသန်းမှု လမ်းကြောင်းကို မှတ်သားထားမှာဖြစ်ပြီး အဝေးထိန်း စနစ်နဲ့ သီးခြား ခိုင်းစေ မောင်းနှင်နေဖို့ မလိုပါဘူး။
မိုးပျံတက္ကစီမှာ အရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာရင် လေထဲကနေ ခပ်ဖြည်းဖြည်းသာ ကျဆင်းအောင် စီစဉ်ထားပြီး အပိုဆောင်း ဘက်ထရီလည်း တပ်ဆင်ထားပါတယ်။ အဆိုးတကာ့ အဆိုးဆုံး ပြဿနာ တက်လာခဲ့ရင်လည်း အသုံးပြုနိုင်ဖို့ လေထီးတစ်စုံ ထည့်ပေးထားပါတယ်။
ဒူဘိုင်းမှာ မိုးပျံတက္ကစီတွေ အသုံးပြုနိုင်ရေးကို အလေးအနက် ရည်မှန်း အကောင်အထည် ဖော်နေပြီး Boeing လေကြောင်း ကုမ္ပဏီကြီးကလည်း ၂၀၂၀ လောက်မှာ မိုးပျံ တက္ကစီတွေ လက်တွေ့ ပြေးဆွဲနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။