ပြည်တွင်း စားသုံးဆီ ဖူလုံဖို့အတွက်၊ ကုန်ကြမ်းရရှိရေး၊ ဆီစက်တွေ ပြန်လည် လည်ပတ်နိုင်ရေး နဲ့ ရောနှောဆီတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် ဆီစက်ပိုင်ရှင်များအသင်းက စီမံချက်ရေးဆွဲလုပ်ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။
ပြည်တွင်းဆီ ဖူလုံနိုင်ဖို့ အတွက် ဦးစားပေးအနေနဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ မြေပဲဆံ ထွက်နှုန်းကောင်းဖို့ ဦးစားပေးလုပ်ဆောင်မယ်လို့ သိရပါတယ်။ စီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က ကုန်ကြမ်းမြေပဲဆံဈေးနှုန်းကျဖို့နဲ့ မြေပဲဆီဈေးနှုန်း သက်သာဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ထွက်နှုန်းကောင်းတဲ့ ထိုင်ဝမ်မြေပဲမျိုးတွေကို မန္တလေး ၊စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ဆီစက်ပိုင်ရှင်များ အသင်းက ဧက ၃၅၀၀ စိုက်ပျိုးသွားမှာလို့ သိရပါတယ်။ ဆီစက်လုပ်ငန်းရှင်များအသင်း အနေနဲ့ စီမံကိန်းကို ကန်ထရိုက်ဖန်းမင်း စနစ်နဲ့သွားမှာမို့ စတင်မျိုးဖြန့်ကတည်းက ၁ တင်းကို ကျပ်၁၅၀၀၀ နဲ့ပြန်လည်ဝယ်ယူမယ်လို့ တောင်သူတွေနဲ့ သဘောတူညီထားတယ်လို့ သိရပါတယ်။
အိန္ဒိယက ပဲတင်ပို့ခွင့်ရပ်ဆိုင်းပြီး နောက်ပိုင်းမှာလည်း အရင် မတ်ပဲစိုက်တောင်သူတွေ မြေပဲ ပြောင်းစိုက်ဖို့ ပြင်ဆင်နေတာမို့၊ လာမယ့်နှစ်မှာ မြေပဲဆံကုန်ကြမ်း လှိုင်လှိုင်ပေါနိုင်ပြီး မြေပဲဆီ ဈေးနှုန်းတွေ ကျဆင်းလာနိုင်မယ်လို့ ဆိုပါတယ်။
ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ