ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်းကျူး၊ မြောင်းကျူးတွေကို စီမံချက်ချပြီး စနစ်တကျဖြေရှင်းဖို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ၂၉မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးမြန်းရင်း ပြောကြားခဲ့တာပါ။
ပြည်သူပိုင်လမ်းတွေနဲ့ မြောင်းတွေပေါ်ကို အိမ်တွေ၊ ဆိုင်တွေက ကျူးကျော်ထားလို့ ပြည်သူတွေက လမ်းတွေပေါ် တက်လျှောက် ရပြီး ယာဉ်အန္တရာယ်တွေနဲ့ ကြုံတွေ့ရတယ်လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။ မြို့တော်ဝန် ဦးမောင်မောင်စိုးက အဲဒီ့မေးခွန်းနဲ့ ပတ်သတ်လို့ ပြန်လည်ဖြေကြားရာမှာတော့ YCDC တစ်ခုတည်း တာဝန်ရှိတဲ့ ကိစ္စမဟုတ်ဘဲ အားလုံးပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
မြို့တော်ဝန်က တိကျရှင်းလင်းတဲ့ဖြေကြားမှု မရှိဘဲ အရင်လုပ်ထုံးလုပ်နည်းတွေအတိုင်းသာ ဖြေကြားသွားတဲ့အတွက် ဦးနေဘုန်းလတ် အနေနဲ့ အဖြေပေါ် ကျေနပ်မှုမရှိဘူးလို့လည်း ပြောပါတယ်။ လမ်းကျူး၊ မြောင်းကျူး ပြသနာကို ဖြေရှင်းဖို့အတွက် ပြည်သူတွေကို အသိပညာပေးတဲ့ လုပ်ငန်းကို စပြီး ဆောင်ရွက်သင့်တယ်လို့လည်း ဦးနေဘုန်းလတ်ကပြောပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်