လေးလနီးပါးအမှု ရင်ဆိုင်ခဲ့ရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာဗြိတိသျှကိုကိုမောင်တို့ရဲ့ အမှုကို ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ အလုံးစုံပြီးပြတ် ပိတ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။ တပ်အဖွဲ့စည်းရဲ့ သိက္ခာကို ထိပါးနှောက်ယှက်တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ၊ သတင်းမီဒီယာဥပဒေပုဒ်မ ၂ ခုနဲ့ ဇွန်လ ၂ ရက်နေ့မှာ စတင်ရင်ဆိုင်ခဲ့ကြရတာပါ။
တပ်မတော်ဘက်က စက်တင်ဘာလ ၁ ရက်နေ့ကတည်းက အမှုကို ပိတ်သိမ်းပေးခဲ့ပေမယ့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် သဘောထားမှတ်ချက်ပါမှ ရုပ်သိမ်းလို့ရတဲ့အတွက် ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မှ တရားဝင် ပိတ်သိမ်းနိုင်တာ ဖြစ်တယ်လို့သိရပါတယ်။
အမှုကို တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းလို့ ကြိုဆိုတယ်လို့ The Voice ရဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။ တပ်မတော်နဲ့ မီဒီယာဆိုတာ အခြားအဖွဲ့အစည်းတွေနဲ့ မတူဘဲ စဉ်ဆက်မပြတ်လက်တွဲပြီး ပူးပေါင်းတည့်မတ် ထိန်းသိမ်းရတဲ့ မဏ္ဏိုင် ၂ ရပ်ဖြစ်လို့ နားလည်မှု အပြန်အလှန် ရပ်တည်ရတဲ့ အဖွဲ့အစည်းတွေလို့ဆိုပါတယ်။
အမှုကို စွဲဆိုပြီးမှ ရုပ်သိမ်းမယ့်အစား မစွဲဆိုခင် ဒါကဥပဒေနဲ့ ညီမညီ ၊ အမှုစွဲလို့ရလာမယ့်အကျိုးရလဒ် ဒါတွေကိုလည်း သေချာစီစစ်ပြီးမှ စွဲဆိုဖို့ အကြံပြုချင်ကြောင်း ဦးခင်မောင်မြင့် ကပြောပါတယ်။ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာဗြိတိသျှကိုကိုမောင်တို့ ၂ ဦးက ပြည်ထောင်စုသစ္စာ တပ်မတော်ဂုဏ်ပြု ဇာတ်ကားကို သရော်စာ ရေးသားခဲ့တဲ့ အတွက် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး လင်းထွဋ်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ