• 9 years ago
ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ အပြန်အလှန် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်မှာ ၂၆ ကြိမ်မြောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တရားလိုသက်သေ အနေနဲ့ ကိုအောင်စိုး လာရောက် ထွက်ဆိုခဲ့တာကြောင့် အမှုက ရုပ်လုံးပေါ်လာပီလို့ပြောလို့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘက်စန်းအောင်က ပြောပါတယ်။

ဒီနေ့မှာတော့ တရားခံရှေ့နေဘက်က မေးမြန်းမှုတွေကလည်း အမှုအတွက် အထောက်အကူဖြစ်စေတယ်လို့ ဦးရောဘက်ကပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၈ လက ပြောကြားထားတဲ့အတိုင်း လာရောက်ထွက်ဆိုတာဖြစ်ကြောင်းလည်း တရားလိုအဖြစ် လာရောက်ထွက်ဆိုတဲ့ ကိုအောင်စိုးက ပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ ကိုအောင်စိုး အပါအဝင် တရားလို ၄ ဦးကို စစ်ဆေးခဲ့ပြီး အမှုအတွက် ပိုအားကောင်းလာပြီလို့ ဆိုပါတယ်။

ဒီအမှုအတွက် သက်သေ၈၀ တင်ထားတာဖြစ်ပြီး၊ အခု ၄၂ ယောက်ကို စစ်ဆေးပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ် ရုံးချိန်းကိုတော့ အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended