အစိုးရဆီက ငှားရမ်းထားပြီး လုပ်ငန်းအကောင်အထည်ဖော်မှုမရှိတဲ့ နိုင်ငံပိုင်အဆောက်အဦးနဲ့ မြေကွက်တွေကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းဖို့ တိုက်တွန်းတဲ့ အဆိုတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ အောက်တိုဘာ ၃ရက်မှာပြုလုပ်တဲ့ လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။
ခေတ်အဆက်ဆက်မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်မြေနဲ့ အဆောက်အဦးတွေကို နှစ်ရှည်ဌားရမ်းမှု၊ အထူးဂရမ် ထုတ်ပေးမှု၊ မတန်တဆဈေးတွေနဲ့ရောင်းချမှုတွေ ရှိခဲ့တယ်လို့ ဦးလှဌေးကပြောပါတယ်။
ဒါ့အပြင် စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ မြေနဲ့အဆောက်အဦးတွေကိုလည်း ပြန်လည်စိစစ်ဖို့ အဆိုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီ့အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အောက်တိုဘာ ၁၁ရက်မှာ လက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်